×
Cover Stories

ခံစားမှုတွေကသာ အနုပညာဆိုတဲ့ Gabriel Phway

ဂီတကြောင့် အသက်ရှင်ရတာ သက်သောင့်သက်သာ ရှိတဲ့ကောင်မလေး။ ဖန်တီးမှုတွေကိုသာ အနုပညာလို့ အဓိပ္ပါယ်ဖွင့်တတ်သူ။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တိုင်းကို ပြန်လည်ခံစားပြီး သီချင်းတွေကို ဖန်တီးတတ်တဲ့သူမရဲ့ ဂီတအပေါ်ခံယူချက်။

by Lin Lin

January 21, 2020

ဂီတကြောင့် အသက်ရှင်ရတာ သက်သောင့်သက်သာ ရှိတဲ့ကောင်မလေး။ ဖန်တီးမှုတွေကိုသာ အနုပညာလို့ အဓိပ္ပါယ်ဖွင့်တတ်သူ။ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တိုင်းကို ပြန်လည်ခံစားပြီး သီချင်းတွေကို ဖန်တီးတတ်တဲ့သူမရဲ့ ဂီတအပေါ်ခံယူချက်။ Underground လောကကနေ ဂီတလောကထဲကို ကြိုးစားတက်လှမ်းလာခဲ့တဲ့ သူမဆိုတဲ့ Gabriel Phway ရဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ ခံစားမှုတွေအကြောင်းကို ယခုလအတွက် MODA Art ကဏ္ဍမှာ ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုသီချင်းအမျိုးအစားအသစ်တွေချပြဖို့ရှိလဲ။
ဖွေးခုနကပြောခဲ့သလိုပါပဲ။ Neo Soul တို့ jazz တို့လို music တွေကို Base လုပ်ထားတဲ့ Music တွေကိုပဲလုပ်သွားဖြစ်မှာပါ။ ဒါမယ့်အဲ့အပေါ်မှာတော့ experiment လုပ်တဲ့ဟာတွေကို လုပ်ဖြစ်မယ်။

ဘာကြောင့် ဒီ Music ပုံစံကို ရွေးချယ်ဖြစ်တာလဲ။
အဲ့ဒါလည်း ကိုယ်ရင်ခုန်လို့ပေါ့။ ဒီMusic ပုံစံကို နားထောင်ရင် အကြာကြီးနားထောင်ဆိုလည်း နားထောင်နိုင်တယ်။ ကြားလိုက်တာနဲ့ စိတ်ထဲမှာ feeling တစ်ခုရတယ်။ ကိုယ်သဘောကျတဲ့ ကိုယ့်ရဲ့ Crush ကို တွေ့သလို ကိုယ့်ချစ်သူကို တွေ့သလိုအဲ့လိုမျိုး feeling ပေါ့။ မရိုးသွားတဲ့ feeling မျိုးဖြစ်တယ်။ အဲ့ဒါကြောင့် ဒီ music ကို ရွေးဖြစ်တာပါ။


သိတတ်စအရွယ်မှာ စတင်လေ့လာခဲ့တဲ့ instrument ကဘာလဲ။ Instrument ဘယ်နှမျိုးလောက်တီးတတ်လဲ။
စလေ့လာဖြစ်တာက Piano ပါ။ Guitar လည်း နည်းနည်းပါးပါးတီးတတ်တယ်။ အဓိကကတော့ သီချင်းရေးရင် Piano နဲ့ ရေးပါတယ်။

ဖွေးအတွက်အနုပညာဆိုတာဘာလဲ။
ဖွေး အနုပညာကို define တော့ မလုပ်ချင်ဘူး။ လုပ်စရာလည်းမလိုဘူးလို့ထင်တယ်။ ဖွေးဖန်တီးစရာရှိတာကို ဖန်တီးတယ်။ ဖွေးခံစားလို့ရတယ်ဆိုရင် ဒါဖွေးအတွက် Art ပဲ။ Definition တစ်ခုအနေနဲ့တော့ ပြောလို့မရဘူး။ စိတ်ထဲမှာဖြစ်လာတဲ့ feeling ပဲပေါ့။ “Maybe this is art for me” အဲ့လိုမျိုးပေါ့။ တစ်ယောက်နဲ့တစ်ယောက်လည်း art ကို ခံစားတဲ့ပုံစံချင်းတော့ တူမှာမဟုတ်ဘူးထင်တယ်။

စောခူဆဲသမီးဖြစ်နေလို့ ဒီဂီတလမ်းကြောင်းပေါ်လျှောက်ရတာ လွယ်ကူခဲ့လား။
ပါပါးရဲ့ သမီးဖြစ်နေလို့တော့ လူတွေပိုချစ်ကြတာလည်း ကြုံရပါတယ်။ အခွင့်အရေးတွေပိုရတာလည်း ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းဖွေး Music စလုပ်တဲ့အချိန်မှာ ဖွေးက mainstream ကနေသွားတာမဟုတ်ဘူး။ underground ကနေသွားတာဆိုတော့ underground လောကမှာလည်း ဖွေးကို စောခူဆဲသမီးမှန်း သိကြတာမဟုတ်ဘူးဆိုတော့ ဖွေးလည်း တခြား artists တွေနဲ့ နည်းတူ struggle လုပ်ခဲ့ရတာပါပဲ။ ဒီသီချင်းတွေဖန်တီးတယ်ဆိုတာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေပါပဲ။

Music နဲ့ ပတ်သက်ပြီးအဖေ့ရဲ့ ပံ့ပိုးမှုကရော ဘယ်လိုရှိလဲ။
အဖေကတော့ အမြဲရှိနေပေးတယ်။ ဒါမယ့် ဖွေးယုံကြည်တဲ့လမ်းကိုသွား လွှမ်းမိုးမှုတွေမလုပ်ဘူး။ ဖွေးယုံကြည်ရာကိုလုပ် သူ့ကို တိုင်ပင်လို့ရတယ်။ ဆွေးနွေးလို့ရတယ်။


လူငယ်တစ်ယောက်ရဲ့ Music အပေါ်ခံယူချက်။
ဖွေးအမြဲပြောနေသလိုပဲ Music ရှိနေလို့ ဖွေးအသက်ရှင်ရတာ သက်သောင့်သက်သာရှိတာပေါ့။

ဖွေးနဲ့အတူကြီးပြင်းခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ပြောပါဆိုရင် ဘယ်သီချင်းဖြစ်မလဲ။
ဖွေးစင်ပေါ်မှာအမြဲတမ်းဆိုဖြစ်တဲ့ သီချင်း L O V E ကို ဖွေးပြောချင်တယ်။ ဘာလို့လဲဆိုတော့ အဲ့သီချင်းက ငယ်ငယ်လေးကတည်းက အမေက သူကြည့်တဲ့ ကိုရီးယားကားထဲမှာ မင်းသမီးက အဲ့သီချင်းကို ဆိုတာ သူကြားတော့ သမီးနဲ့လိုက်မှာပဲဆိုပြီး ဆိုခိုင်းတယ်။ အဲ့ဒါနဲ့ အဖေ၊ အမေ၊ သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေရှိရင် အဲ့သီချင်းကို အမြဲဆိုဖြစ်တယ်။ နောက်ကျတော့ မင်္ဂလာဆောင်တွေမှာလည်း ဆိုတယ်။ ကြီးလာတဲ့အခါကျတော့ တောက်လျှောက်ဆိုဖြစ်နေတာပေါ့နော်။

သီချင်းတွေကို ဘယ်လိုအချိန်မျိုးမှာ ရေးတတ်လဲ။
အဲ့ဒါလည်း ပုံသေမရှိဘူး။ ဖွေးခေါင်းထဲကို တစ်ခါတစ်လေကျရင် သံစဉ်တွေရောက်လာတယ်။ တစ်ခါတစ်လေကျရင် စာသားတွေရောက်လာတယ်။ အဲ့လိုရောက်လာတဲ့အချိန်တွေကလည်း ကားမောင်းနေတဲ့အချိန်လည်းဖြစ်နိုင်တယ်။ စာမေးပွဲခန်းထဲမှာ စာမေးပွဲဖြေပြီးထိုင်နေတဲ့အချိန်လည်း ဖြစ်နိုင်တယ်။ အဲ့လိုအချိန်တွေမှာ စိတ်ထဲကို ရောက်လာရင် စာရွက်အပိုင်းအစလေးတွေပေါ်မှာ ရေးထားတယ်။ မှတ်ထားတယ်။ သံစဉ်တွေရောက်လာရင်လည်း ဖုန်းနဲ့ ပြန်ပြီး record လုပ်ထားတယ်။ အဲ့ဒါလေးတွေကိုမှ ကိုယ်အချိန်ပေးနိုင်တဲ့အခါကျရင် Piano ရှေ့မှာ ထိုင်ပြီးတော့  Chorus တွေဘာတွေ သေချာရှာပြီးတော့ ဆက်ရေးတာပေါ့။

ဘယ်လိုစိတ်ခံစားမှုတွေကို အခြေခံပြီး အနုပညာတွေပေါက်ဖွားလာရတာလဲ။
စိတ်ခံစားမှုတွေက အမျိုးမျိုးပဲ။  ပျော်တာကနေလည်း ဖန်တီးဖြစ်တယ်။ ဝမ်းနည်းရာကနေလည်း ဖန်တီးဖြစ်တယ်။ အဲ့ဒါအပြင် ကြားလိုက်တဲ့အသံ၊ မြင်လိုက်တဲ့မြင်ကွင်း၊ တိုက်တဲ့လေတွေကအစ ပြန်ခံစားပြီးတော့ ဖန်တီးဖြစ်တယ်။ စိတ်ခံစားမှုအစုံပါပဲ။

ရေးထားတဲ့ကဗျာတွေမှာ ဘဝအကြောင်းတွေကိုတွေ့ရတယ်။ ကဗျာတွေက ဘာကိုပြောချင်တာလဲ။
ကဗျာတွေအများကြီးတော့ မရေးဖူးဘူး။ ကိုယ့်စာအုပ်တွေထဲမှာ ကိုယ်တစ်ယောက်တည်းရေးပြီး ကိုယ်တစ်ယောက်တည်းဖတ်တဲ့ ကဗျာတွေတော့ရှိတယ်။ ဒါပေမယ့် MDMfs ကဗျာရဲ့ နိဒါန်းအနေနဲ့ ထည့်ခဲ့တဲ့ကဗျာလေးကတော့ သူများနဲ့ share လုပ်ဖြစ်တယ်။  ဖွေးက ကိုယ့်ရဲ့ဖြစ်တည်မှုကို အမြဲတမ်းပြန်ပြီးတော့ မေးခွန်းထုတ်တတ်တယ်။ နောက် ဘဝဆိုတာလည်း Madanma sis လိုပဲ မဆုံးနိုင်တဲ့အသွင်ပြောင်းမှုတွေအများကြီး ဆက်ပြီးတော့ ဖြစ်နေတယ်လို့ ယုံကြည်တယ်။ အဲ့ဒါကိုအခြေခံပြီးတော့ သေခြင်းတရားနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ပြီးတော့ ဘယ်အရာမဆိုအရာရာတိုင်းက သိပ်ပြီးတော့ ကြီးကျယ်ခမ်းနားနေတာမဟုတ်ဘူး။ အနက်အဓိပ္ပါယ်ရယ်လို့လည်း ဘာမှ နက်နက်နဲနဲမရှိနေဘူး။ Everything is Nothing ပေါ့နော်။ ဖွေးက အဲ့လိုမျိုးခံစားရတော့ အဲ့လိုအကြောင်းအရာလေးတွေကို ရေးဖြစ်တာ။


Q : ရေးခဲ့တဲ့ သီချင်းတွေထဲမှာ ဖွေးရဲ့အကြောင်းကို ပြောပြခဲ့တာရှိလား။
A : သီချင်းတွေကတော့ များသောအားဖြင့် ဖွေးအကြောင်းတွေပဲ ဖွေးရေးတာများတယ်။ ဖွေးအကြောင်းတွေ ဆိုပေမယ့် ဖွေးမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေလည်း ဖြစ်ချင်မှဖြစ်မယ်။ ဖွေးရဲ့ စိတ်ကူး၊ ဖွေးရဲ့ တစ်စိတ်တစ်ပိုင်းလေးတွေ ရေးဖြစ်တာများပါတယ်။
Q : ဘယ်အရာတွေကို လုပ်ရတာကြိုက်လဲ။ ဘာတွေကို မကြိုက်ဘူးလဲ။
A : ဖွေးလုပ်ရတာကြိုက်တာတွေက ပုံသေပြောလို့မရဘူး။ ဖွေးကအမြဲတမ်းပြောင်းလဲနေတာ ကိုယ့်ရဲ့ mood ပေါ်မှာပဲ မူတည်တယ်။ အခုလုပ်ချင်တဲ့ကိစ္စတစ်ခုကို နည်းနည်းကြာရင် မလုပ်ချင်တော့တာမျိုးလည်း ရှိရင်ရှိနိုင်တယ်။ ဟန်ဆောင်နေရတာကိုတော့ ဖွေးမကြိုက်ဘူး။
Q : ဖွေးကိုယ်ဖွေး ဘယ်လိုလူမျိုးလို့ ထင်လဲ။
A : ဖွေးကနည်းနည်းခံစားချက် extreme ဖြစ်တယ်လို့ ထင်တယ်။ စိုးရိမ်လွန်တတ်တယ်။ Concentrate မလုပ်နိုင်ဘူး။ တစ်ချို့နေရာတွေထဲမှာ ဖွေးရောက်သွားပြီးတော့ ဖွေးမနေတတ်တာတွေ ကြုံတတ်တယ်။ လူတွေနဲ့စကားမပြောတတ်တာတွေရှိတယ်။ ဖွေးက အရမ်းငြိမ်းချမ်းချင်တယ်။ အရမ်းတည်ငြိမ်ချင်တယ်။ နောက်ပိုင်းကိုတော့ ဘယ်လိုနေရင်ငြိမ်းချမ်းမလဲ။ ဘယ်လိုနေရင် ပိုပြီးတော့ တည်ငြိမ်လာမလဲဆိုတာကို ရှာပြီးတော့ နေနေတဲ့ လူတစ်ယောက်ပါ။  

,
Cover Stories

MODA ရဲ့ 6th ANNIVERSARY SPECIAL ISSUE မှာ COVER STAR အဖြစ်ပါဝင်ခဲ့တဲ့ AMERA HPONE

လူ့ဘဝက တစ်ခေါက်ပဲ နေရတာဆိုပြီး ဂီတ ကို ရွေးချယ်ဖြစ်သွားတာပါ လို့ဖွင့်ဟခဲ့တဲ့ Amera Hpone

by Aung Lynn Thit

August 18, 2018

MODA Magazine ရဲ့ ခြောက်နှစ်ပြည့်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်စတင်တည်ထောင်ခဲ့တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး လက်ရှိ Frenzo မိသားစု ဝင်ခြောက်ယောက်နဲ့အတူ အဓိပ္ပာယ်များပြည့်ဝပြီး အနှစ်သာရရှိတဲ့ အားအင်တစ်ခုကို ဖော်ကျူးနေတဲ့ Cover Story တစ်ခုကို ဂုဏ်ယူစွာတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Frenzo Production ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Amera Hpone ရဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အမရာရဲ့ အခွေလေးအကြောင်း ပြောပြပေးနော်။ အခုဘယ်နရာခိုင်နှုန်းလောက်အထိ ပြီးစီးသွားပြီလဲ။ ဘယ်အချိန်လောက်မှာ နားဆင်ရမလဲ။ နောက်ပြီး ပရိသတ်တွေကို ဘယ်လိုပုံစံတွေ တင်ဆက်မှာလဲ။
သီချင်းတွေက အားလုံးပြည့်သွားပါပြီ။ အပြီးသတ်နေပြီပေါ့။ အားလုံးလည်း ပြီးသလောက်ရှိနေပြီဆိုတော့ မိုးတွင်းကုန် လောက်ထွက်လာမှာပါ။ အဓိကတော့ Pop ပဲပေါ့။ အမရာ့စိတ်ကြိုက်သီချင်းတွေ တော်တော်များများ စိတ်ကြိုက်ပဲ လုပ်ထားပါတယ်။ ၁၀ပုဒ်၊ ၁၁ပုဒ်လောက်တော့ ပါဝင်ပါလိမ့်မယ်။ ကိုဆောင်းဦးလှိုင်နဲ့ ကိုအောင်ပါမယ်။ ကိုဘန်နီနဲ့ အမရာအတူတူရေးထား တာပါမယ်။ ကိုG Fatt နဲ့ အမရာရေးထားတာပါမယ်။ နောက်ကျန် တာတွေကတော့ လူငယ်ပရိုဂျူဆာတွေနဲ့ အမရာတို့ အပုဒ်တိုင်းကို အတူတူရေးထားတာတွေ များပါတယ်။

Frenzo မရောက်ခင် အရင်တုန်းကရော ကိုယ်ပိုင် Solo Music တစ်ခုခုလုပ်ဖို့ စဉ်းစားဖူးလား။ ဘာတွေလုပ်နေဖြစ်ခဲ့လဲ။
အဲဒါကတော့ ငယ်ငယ်ကလေးတည်းကပဲ။ ၃၊ ၄၊ ၅နှစ် လောက် ကတည်းက Briney Spears နဲ့ ကြီးလာတာဆိုတော့ ငယ်ငယ် ကလေးတည်းက ကြီးလာရင် စင်ပေါ်မှာလူတွေအများကြီးကို ဖျော်ဖြေပေးချင်တာ။ အဲဒါက ငယ်ငယ်တုန်းက အိပ်မက်တစ်ခု လို့ပဲရှိနေခဲ့တာ။ လုပ်မယ်လို့တော့ အစီအစဉ်မရှိခဲ့ဘူး။ သီချင်းဆိုတာ ဝါသနာပါတော့ Church မှာဆိုတယ်။ ကျောင်းပွဲတွေမှာဆိုတယ်။ ဒီလောက်ပါပဲ။ ကြီးကြီးကျယ်ကျယ်တော့ မဆိုခဲ့ဖူးပါဘူး။ Frenzo မရောက်ခင်တုန်းကတော့ ကျောင်းသွားတက်ဖို့စီစဉ်နေတာပါ။ အဲဒီအချိန်မှာ Frenzo က ကမ်းလှမ်းလာတော့ ပထမစဉ်းစားတာက ကျောင်းသွားတက်လိုက်မယ်။ ပြီးရင် အလုပ်ဝင်မယ်။ အဲဒီဘဝကို ပျော်မလား။ ကိုယ်ကြိုက်တဲ့သီချင်းတွေ ဆိုနေရတာကို ပျော်မလား။ လူ့ဘဝက တစ်ခေါက်ပဲနေရတာဆိုပြီး ဂီတကို ရွေးချယ်ဖြစ်သွားတာပါ။

ပညာရေးကရော လက်ရှိ ဘာတွေဆက်လုပ်ဖြစ်နေသေးလဲ။
အခုလောလောဆယ်တော့ MIC မှာ Business Management နဲ့ Diploma ပြီးသွားပါပြီ။ ကျောင်းကလည်း တက်နေရ တော့ တစ်ပါတ်ကို ငါးရက်သွားနေရတယ်။ အားတဲ့အချိန်မှ အခွေကိစ္စကိုလုပ်ရတော့ အားမရဘူး။ အခု Diploma ပြီးသွားတော့ Bachelor ကို ဆက်မတက်ပဲနဲ့ အခွေကိုပြီးအောင်လုပ်နေပါတယ်။ အခွေလေးပြီးသွားတော့မှပဲ ဆက်တက်တော့မယ်။

Cover Song တွေဆိုဖြစ်တာလည်း တွေ့ရတယ်။ အမရာဆိုဖြစ်ခဲ့တဲ့ Cover Song လေးတွေအကြောင်းလည်း ပြောပြပေးပါဦး။
Cover Song ဆိုပြီး ပထမဦးဆုံးစတာက အသက် ၁၃၊ ၁၄ နှစ်ပေါ့။ ဂစ်တာစစတီးတတ်တဲ့အခါကျတော့ တစ်ပုဒ်ကောင်းကောင်းတီးတတ်သွားပြီဆိုပြီး ပျော်ပြီးတော့ A Thousand Years ကိုတင်လိုက်တယ်။ ပြီးတော့မှ ရှက်ပြီး ပြန်ဖျက်ပစ်လိုက်တာ။ နောက်ပိုင်းကျတော့ ဝါသနာပါလို့ Facebook ပေါ်မှာ တင်ဖြစ်လာတယ်။ Instagram မှာရောပဲ။ အခုတော့ အကုန် ဖျက်လိုက်ပြီထင်တယ်။

Frenzo ရောက်လာတဲ့အခါကျတော့ စီနီယာတွေနဲ့ နောက်ပြီး ကိုစိုင်းတို့ ကိုဘန်နီတို့နဲ့ လက်တွဲလုပ်ကိုင်ရတာရော ဘယ်လို နေလဲ။
Serious လည်း အရမ်းဖြစ်တယ်။ တစ်ဖက်ကအလုပ်နဲ့ ပတ်သတ်လာရင် Serious ဖြစ်သလောက် တစ်ဖက်ကလည်း မိသားစုတွေလို ပျော်ပျော်ရွှင်ရွှင် ရိုင်းပင်းကူညီကြပါတယ်။ အလုပ်ချည်းပဲလည်း မဟုတ်ပဲ မိသားစုတွေလိုမျိုးဖြစ်နေတာပေါ့။

အမရာမှာရော အခုဆိုရင် အနုပညာလောကထဲမှာလည်း Frenzo နဲ့တွဲပြီး အလုပ်တွေလုပ်နေပြီဆိုတော့ Fan တွေနဲ့ရော တွေ့ဆုံဖြစ်တာမျိုးရှိလား။
အမရာ့မှာ Fan Group တွေတော့ ရှိပါတယ်။ Fan Group ထဲမှာတော့ member တွေနဲ့ အမြဲတမ်းဆက်သွယ်ဖြစ်နေပါ တယ်။ Live လွှင့်ပြီး စကားတွေပြောကြတယ်။ သူတို့က Post တွေတင်ကြတယ်။ Public မဟုတ်ပဲနဲ့ Closed Group လေးနဲ့ပဲ ဆက်သွယ်ဖြစ်တယ်။ အေးဆေးပါပဲ။ အမရာ နယ်ဘက်တွေမှာ ရှိုးသွားဆိုတဲ့အခါကျရင်တော့ Frenzo က အငယ်ဆုံးလေးဆိုပြီး ချစ်ပေးကြပါတယ်။

photographed by thi ha (a.k.a) kaw ki / styling by dong dong / cover stars: sai sai kham leng, snare (nay win, phyo lay), bunny phyoe, g fatt, amera hpone / hair & makeup: Irene aung aung / january we wee / outfits: the avenue / location: the laneway yangon


Cover Stories

MODA ရဲ့ 6th ANNIVERSARY SPECIAL ISSUE မှာ COVER STAR အဖြစ်ပါဝင်ခဲ့တဲ့ G FATT

ကျွန်တော့်သီချင်းတွေကိုသာ ကျွန်တော့်ရဲ့ သားသမီးတွေလို့တွေးလိုက်မယ်ဆိုရင် ကျွန်တော်ရဲ့ သားသမီးတွေအတွက် အမြဲတမ်းဂုဏ်ယူနေပါတယ် လို့ပြောတဲ့ G Fatt

by Aung Lynn Thit

August 18, 2018

MODA Magazine ရဲ့ ခြောက်နှစ်ပြည့်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်စတင်တည်ထောင်ခဲ့တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး လက်ရှိ Frenzo မိသားစု ဝင်ခြောက်ယောက်နဲ့အတူ အဓိပ္ပာယ်များပြည့်ဝပြီး အနှစ်သာရရှိတဲ့ အားအင်တစ်ခုကို ဖော်ကျူးနေတဲ့ Cover Story တစ်ခုကို ဂုဏ်ယူစွာတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Frenzo Production ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ G Fatt ရဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။

လက်တလော အနုပညာလှုပ်ရှားမှုတွေ ဘာတွေရှိမလဲ။
အခု Music Video တွေ ထွက်ဖို့ရှိတယ်။ နှစ်ပုဒ်တော့ အွန်လိုင်းမှာတင်ဖို့ရှိတယ်။ ရှိုးပွဲတွေလည်းရှိတယ်။ ကျွန်တော် ပရိသတ်တွေကို ပြန်ကြေညာပေးပါ့မယ်။ သီချင်းအသစ်တွေလည်း ကျွန်တော့်မှာ ရှိနေတယ်ဆိုတော့ သီချင်းအသစ်တွေကို တင်ပေးမလား။ အဟောင်းထဲကသီချင်းတွေကို Music Video တင်မလားပေါ့။ ဒါကတော့ ကျွန်တော်စဉ်းစားနေပါတယ်။ အခွေထွက်လာရင်တော့ သီချင်းအဟောင်းတွေလည်းပါမယ်။ အသစ်တွေ လည်း ပါပါလိမ့်မယ်။

အွန်လိုင်းမှာ သီချင်းလုပ်လိုက်တာနဲ့ အခွေထွက်တာနဲ့ကျတော့ အစ်ကို့အတွက်က ဘာကွာခြားသွားမလဲ။
အွန်လိုင်းမှာ Music Video တင်တာကလည်း ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပါတယ်။ ဒီ Music Video နှစ်ပုဒ်ထွက်ပြီးရင် ကျွန်တော့်ဘက်က လုပ်မှာလေးတွေရှိပါတယ်။ အဲဒါကတော့ အနားနီးမှပဲ ပြန်ပြောပြမယ်နော်။ နိုဝင်ဘာလောက်တော့ ဖြစ်ပါလိမ့်မယ်။

လက်ရှိဆိုရင် Frenzo နဲ့လက်တွဲလာတာ ဘယ်လောက်ကြာ သွားပြီလဲ။
Frenzo နဲ့ကတော့ ၂နှစ်ကျော်ပြီပေါ့။ ပထမအခွေမထွက်ခင် ကတည်းက လက်တွဲခဲ့တာပေါ့။ စစလုပ်ချင်းတုန်းက အမရာ ရောက်မလာခင်ကဆို အားလုံးထဲမှာ အငယ်ဆုံးဖြစ်ပေါ့။ ကျွန်တော်တကယ် Frenzo ထဲရောက်လာတော့ ညီအစ်ကိုတွေအားလုံးက ကျွန်တော့်ကိုလက်တွဲခေါ်ပြီး လိုအပ်ချက်တွေကို ပြောပြပေးကြတယ်။ လမ်းပြပေးကြပါတယ်။ အကြံဉာဏ်ကောင်းတွေ ဆိုလည်း အများကြီးပေးကြတယ်။ စဉ်းစားပုံစဉ်းစားနည်းတွေကအစတည့်မတ်အောင် သင်ပေးကြတယ်။ ဒါကြောင့်လည်း ကျွန်တော်ကကျွန်တော့်ရဲ့ အစ်ကိုတွေကို လေးလည်းလေးစား တယ်။ ချစ်လည်းချစ်ခင်တယ်။ ဒီမှာနေရတာလည်း ပျော်ပါတယ်။ အလုပ်လုပ်တာကအစ စနစ်တကျရှိတဲ့အခါကျတော့ ကျွန်တော့်ရဲ့ဘဝအချိုးအကွေ့တွေထဲမှာ Frenzo နဲ့လက်တွဲခွင့် ရခဲ့တာဟာ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့ခင်ဗျာ။
အစ်ကို သီဆိုခဲ့တဲ့သီချင်းတွေ၊ ဖန်တီးခဲ့တဲ့ ဂီတတွေထဲမှာ ဂုဏ်အယူခဲ့ဆုံးအရာက ဘာ ဖြစ်မလဲ။
ကျွန်တော်က ငယ်ငယ်ကလေးကတည်းကနေ အခုအချိန်အထိ ဖန်တီးခဲ့တဲ့သီချင်းတွေအားလုံးအတွက် ကျွန်တော်ဂုဏ်ယူနေခဲ့ပါတယ်။ ဘယ်အပုဒ်မှာမှ ကျွန်တော်လျှော့လုပ်ခဲ့တယ်ဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ အဲဒီကြောင့် ကျွန်တော့်သီချင်းတွေကိုသာ ကျွန်တော့်ရဲ့သားသမီးတွေလို့ တွေးလိုက်မယ်ဆိုရင် ကျွန်တော်ရဲ့သားသမီးတွေအတွက် အမြဲတမ်းဂုဏ်ယူနေပါတယ်။

photographed by thi ha (a.k.a) kaw ki / styling by dong dong / cover stars: sai sai kham leng, snare (nay win, phyo lay), bunny phyoe, g fatt, amera hpone / hair & makeup:  irene aung aung / january we wee / outfits: the avenue / location: the laneway yangon


Cover Stories

MODA ရဲ့ 6th ANNIVERSARY SPECIAL ISSUE မှာ COVER STAR အဖြစ်ပါဝင်ခဲ့တဲ့ BUNNY PHYOE

"ရန်သူကနေလည်း ချစ်သူဖြစ်သွားနိုင်သလို ကိုယ့်ကို မကြိုက်တဲ့သူကနေလည်း ချစ်သူဖြစ်ရင်ဖြစ်သွားနိုင်တာပဲ" လို့ ဖွင့်ပြောခဲ့တဲ့ ကိုပဲများလေး Bunny Phyoe

by Aung Lynn Thit

August 15, 2018

MODA Magazine ရဲ့ ခြောက်နှစ်ပြည့်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်စတင်တည်ထောင်ခဲ့တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး လက်ရှိ Frenzo မိသားစု ဝင်ခြောက်ယောက်နဲ့အတူ အဓိပ္ပာယ်များပြည့်ဝပြီး အနှစ်သာရရှိတဲ့ အားအင်တစ်ခုကို ဖော်ကျူးနေတဲ့ Cover Story တစ်ခုကို ဂုဏ်ယူစွာတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Frenzo Production ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Bunny Phyoe ရဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။

အစ်ကိုရဲ့ အခွေသစ်ကိုရော ဘယ်အချိန်မှာ ပရိသတ်တွေနား ထောင်ရမှာလဲ။ အခွေအကြောင်းလေးလည်း အကြမ်းဖျင်းမိတ် ဆက်ပေးပါဦး။
ဇူလိုင် ၉ရက်နေ့ ကျွန်တော့်ရဲ့မွေးနေ့မှာ စတုတၳမြောက်စီးရီးခွေ နီယွန်အိပ်မက်များ အခွေထွက်ပါမယ်။ Audio CD ပါပဲ။ ကျွန်တော်လုပ်ချင်နေတဲ့ပုံစံ ကျွန်တော်လုပ်ဖြစ်သွားတဲ့ ပုံစံတွေကို ဒီအခွေထဲမှာ တွေ့ရမယ်။ ချစ်တယ်ဟုတ်တုန်းက ပုံစံနဲ့တော့ တူမှာမဟုတ်ဘူးပေါ့။ လူပျိုလှည့်တေးပုံစံနဲ့လည်း တူမှာမဟုတ်ဘူး။ Lucky နဲ့လည်း တူမှာမဟုတ်ပါဘူး။ ဒီအခွေလုပ်နေတဲ့အချိန်မှာ ကျွန်တော်ဖြစ်နေတဲ့စိတ်၊ လုပ်ချင်နေတဲ့ပုံစံတွေ ပါနေတာဆိုတော့ ပရိသတ်တွေရောဘယ်လိုခံစားရမလဲ။ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကလည်း အခွေထွက်တော့မှပဲ ကျွန်တော်သိရမှာပေါ့။ ကျွန်တော်လည်း ရင်ခုန်ရင်း စောင့်နေပါတယ်။ သီချင်းကတော့ ၁၂ပုဒ်ကနေ ၁၄ပုဒ်အထိတော့ ပါပါလိမ့်မယ်။ Version ကတော့ နှစ်မျိုးထွက်မှာဆိုတော့ ရိုးရိုး CD တစ်မျိုးရယ်၊ နောက်တစ်မျိုးက Photo Book ရော၊ အရင်လုပ်ခဲ့ဖူးတဲ့ One Man Show တုန်းက အခွေလေးရော ပြန်ထည့်ပေးမယ်။ အမှတ်တရ လေးပေါ့။

 

ဂီတလမ်းကြောင်းတလျှောက် ဂုဏ်ယူခဲ့ရတာကရော ဘာ ဖြစ်မလဲ။
ကိုယ့်ရဲ့ သီချင်းတွေကို ဂုဏ်ယူတာမျိုးမဖြစ်ဖူးဘူးဗျ။ ကျွန်တော်အရင်တုန်းက စစချင်းလုပ်ခဲ့တဲ့ အလွမ်းပြေအနမ်းတို့၊ နှစ်ပါတ်လည်တို့ကတော့ ကျွန်တော် ပိုပြီးတန်ဖိုးထားတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီသီချင်းတွေကြောင့်ပဲ ဘန်နီဖြိုးဆိုတာ စဖြစ်ခဲ့တာဆိုတော့ ဒီသီချင်းတွေကပဲ ကျွန်တော့်ရဲ့ ဘဝအစမှတ်တိုင်တွေဆိုတော့လေ။ သီချင်းတိုင်းကလည်း ကိုယ့်ရဲ့ ခံစားချက်တွေ ဒါမှမဟုတ် ဆင့်ပွားခံစားချက်တွေပါဝင်နေတာဆိုတော့ သီချင်းတိုင်းဟာ တစ်ခုခုအမှတ်တရ ဖြစ်နေတယ်။ အဲဒါကြောင့်လည်း သီချင်းတိုင်းကိုတန်ဖိုးထားတယ်။ ငါဒီလိုသီချင်းကြီး ရေးလိုက်နိုင်ပြီဟဲ့ဆိုပြီး ဂုဏ်ယူတာမျိုးတော့ မရှိပါဘူး။

 

ဒီအခွေထဲမှာရော ဘယ်လိုသီချင်းပုံစံတွေ ပိုတွေ့ရမလဲ။ အသည်းပိုကွဲမှာလား။
ဒီအခွေက အရင်အခွေတွေထက်တော့ အသည်းကွဲတာပိုလျော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျော်တဲ့သီချင်းတွေ၊ ဖွန်ကြောင်တဲ့သီချင်းတွေပါတယ်။ ကောင်မလေးရဲ့ အလှတွေကို တင်စားတဲ့ သီချင်းတွေပါတယ်။ ကောင်မလေးအနောက်ကိုလိုက်နေတဲ့ သီချင်းတွေပါတယ်။ လူပျိုလှည့်တဲ့သီချင်းတွေပါတယ်။အဆွေးသီချင်း၊ အလွမ်းသီချင်းနည်းနည်းပဲပါတယ်။ အရင်တုန်းကဆို သီချင်း ၁၂ပုဒ်လုပ်ရင် ၆ပုဒ်လောက်က အဆွေးသီချင်းတွေလေ။ ဒါကြောင့် ဒီအခွေဟာ အဆွေးသီချင်းနည်း တယ်လို့ပြောရမှာပါ။

တခြားလူတွေလိုပဲ ကိုဘန်နီရဲ့ ပြင်ပစီးပွားရေးလုပ်ငန်းလေး ကိုလည်း မိတ်ဆက်ပေးပါဦး။
အဓိကတော့ Carrot by Bunny Phyoe ဆိုတဲ့ Clothing Line လေးပါ။ အဲဒါကလည်း လုပ်တယ်သာဆိုတယ်။ ကျွန်တော် တစ်ယောက်တည်း အားလုံးလုပ်တာဆိုတော့ တစ်နှစ်နေလောက်မှ ဒီဇိုင်းတစ်မျိုးလောက်ထွက်တာ။ စီးပွားရေးကြီးရယ်လို့လည်း အဲဒီတော့ပြောလို့မရဘူး။ ဒါကြောင့်လည်း ကျွန်တော် ဝါသနာပါတဲ့ ဂီတကိုလုပ်ရင်း တစ်ဖက်ကလည်း ကျွန်တော် နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ဒီဇိုင်းလုပ်ငန်းတစ်ခုကိုလုပ်တယ်။ နောက်ပြီး ဒီအခွေဆိုလည်း ထွက်တဲ့အခါ Merchandise တွေကို ကျွန်တော့် Brand ကနေ ထုတ်မယ်။ ဒါမျိုးလေးတွေတော့ ရှိပါတယ်။

 

ဒုတိယဝါသနာတစ်ခုဖြစ်တဲ့ ဒီဇိုင်းအကြောင်းလေးလည်း ပြောပြပေးပါဦး။
အဲဒါကကျွန်တော်ကသီချင်းဆိုနေတဲ့လူဖြစ်တယ်။ ကျွန်တော့်မှာ ဒီဇိုင်နာအခွဲတွေ ဘာတွေမရှိတော့လည်း သီချင်းဆိုနေရင်းကမှ ဒါမျိုးလေးလုပ်ချင်တယ်လို့ အိုင်ဒီယာရသွားတဲ့အချိန်ကျရင် ထလုပ်လိုက်တယ်။ တစ်ခါတလေလည်း လုပ်ရင်းလုပ်ရင်း မကြိုက်တော့လို့ မထုတ်ဖြစ်လိုက်တဲ့ဒီဇိုင်းတွေလည်းရှိတယ်။ ဘယ်အချိန်မှ ဘယ်လိုထုတ်မယ်ဆိုပြီး ရည်မှန်းထားတာတွေ လည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ချေးများတော့ ပုံတစ်ပုံဖြစ်ပြီးရော၊ စတေကာတစ်ခု ရိုက်လိုက်ပြီးရောဆိုပြီးလုပ်တာမရှိဘူး။ ဒါ့အပြင် ဒီ Brand က ကျွန်တော်နဲ့ ကျွန်တော်ရဲ့Fan တွေကြားထဲက Connection လေးတစ်ခုအဖြစ်ထားချင်တာက အဓိကပေါ့။ ဒီဇိုင်းတွေကလည်း အာကာသကို အခြေခံတဲ့ ဒီဇိုင်းတွေပိုများတယ်။ ကျွန်တော်က NASA တို့ အာကာသအ ကြောင်းအရာတို့ဆို အရမ်းရူးတာဆိုတော့ အဲဒါလေးတွေကို အခြေခံထားတာပေါ့။

 

အချစ်ရေးလေးလည်း ပြောပြပါဦး။
အချစ်ရေးကတော့ မပြောတတ်ပါဘူး။ ရုပ်ရှင်ကားတွေထဲကလို ရန်သူကနေလည်း ချစ်သူဖြစ်သွားနိုင်တာပဲ။ ကိုယ့်ကို မကြိုက်တဲ့သူကနေလည်း ချစ်သူဖြစ်ရင်ဖြစ်သွားနိုင်တာပဲ။ မပြောတတ်ဘူးဗျ။

photographed by thi ha (a.k.a) kaw ki / styling by dong dong / cover stars: sai sai kham leng, snare (nay win, phyo lay), bunny phyoe, g fatt, amera hpone / hair & makeup:  irene aung aung / january we wee / outfits: the avenue / location: the laneway yangon


MODA TV 


Loading More post